ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ရမ်းဗြဲ ဇွန် ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ပြည်သူများအတွက် ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ( ၁ )နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရမ်းဗြဲမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းအေးက လမ်းညွှန်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ဦးစီးမှူး ဦးချမ်းမြေ့ထွန်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်မှူးချုပ်ဇော်မင်းအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ကျောက်ဖြူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးချမ်းမြေ့ထွန်းတို့က မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းအတွက် တစ်ကျောင်းလျှင် (၉၀၀၀၀)ကျပ်နှုန်းဖြင့် (၅၄၀၀၀၀)ကျပ်ကိုလည်းကောင်း၊ လူနေအိမ်(၁၂၂)အတွက် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၃၆၆၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ပြည်သူ(၄၈၉)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာ(၇)ရက်စာအတွက် (၂၁၀၀)နှုန်းဖြင့် (၁၀၂၆၉၀၀)ကျပ်ကို လည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၅၂၂၆၉၀၀၀)ကျပ်နှင့်(၃၁-၅-၂၀၂၃)ရက်နေ့က မိုးကြိုးထိမှန်သေဆုံးသူ နှစ်ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀၀)နှုန်းနှင့် (၆၀၀၀၀၀)ကျပ်အား သဘာ၀ဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများထံ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်