အမ်းမြို့နယ်၌ အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက် (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

အမ်း ဇွန် ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက်(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာစာဖတ် စာငှားအများဆုံး ဆုချီးမြှင့်ပွဲကို အမှတ်(၅)ရပ်ကွက် ရွှေလက်လက်ဖက်ရည်ဆိုင်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ(၂)နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပွဲတွင် စာရေးဆရာ လေးဝတီ စိုးမောင်ကြည်က အမ်းမြို့နယ်တွင် အမ္ဗနဒီ(အခမဲ့)ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ရွေ့လျားစာကြည့်တိုက်(၉)တိုက်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ရွေ့လျားစာကြည့်တိုက်များတွင် တစ်နှစ်တာ စာဖတ်စာငှား အများဆုံးဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုး ပေးသည့် ဦးအောင်ကြည်စိုး၊ ဦးသန်းချိုတို့က စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အသိပညာဗဟုသု တနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ် ပရိတ်သတ်များ အနေဖြင့် အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်စေရန်၊ လူသားတိုင်းကို ကောင်းကျိုးပြုသည့် စာအုပ်စာပေကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချ၍ သုတ၊ ရသ စသည့် စာအုပ်စာစောင် များကို လေ့လာဖတ်ရှုကြစေလိုကြောင်း၊  အမ္ဗနဒီ (အခမဲ့) ရွေ့လျားစာကြည့်တိုက်များအား မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများထိဖြန့်ကျက်ဖွင့် လှစ်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှ လူငယ်များ စာအုပ်စာပေ၏အကျိုးစာပေ၏ အနှစ်သာရများ သိရှိမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်စာပေဝါသနာရှင်တစ်ဦးက စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အသိပညာ ဗဟုသုတများအကြောင်းအား အကျယ်တဝင့်ဆွေးနွေး ပြောကြားပြီး  ဦးစီးအရာရှိ ဦးစန်းဝင်း၊ စာရေးဆရာ လေးဝတီ စိုးမောင်ကြည်၊ အမ္ဗနဒီ ရွေ့လျားစာကြည့်တိုက်ဖြစ် မြောက်ရေး ကော်မတီဝင်များက တစ်နှစ်တာ စာဖတ်စာငှား အများဆုံးဆုရရှိကြသည့် စာဖတ်သူများအား ဆုများအသီးသီးချီးမြှင့်‌ပေးပြီး ရွေ့လျားစာကြည့်တိုက်(၉)တိုက်မှ စာကြည့်တိုက်မှူးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ချီးမြှင့်ပွဲသို့အမ္ဗနဒီ (အခမဲ့)ရွေ့လျားစာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စာပေဝါသနာရှင်များ၊ စာဖတ်ပရိတ်သတ်များ စာကြည့်တိုက်မှူးများ တက်ရောက်ကြပြီး အမ္ဗနဒီ(အခမဲ့)ရွေ့လျားစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ အလှူငွေများ ထောက်ပံ့ပေးအပ်လှူဒါန်း‌ပေးခဲ့ကြကြောင်း သိရှိရသည်။

စိုးမင်းထွန်း