ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ ဖြန့်ဝေထောက်ပံ့

ပုဏ္ဏားကျွန်း ဇွန် ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက မုန်တိုင်းဒဏ်သင့်ကျေးရွာအုပ်စုများသို့ စနစ်တကျ ဖြန့်ဝေ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၏ အစီအမံဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စားနပ်ရိက္ခာ ဆန်နှင့် စားဆီ၊ ခေါက်ဆွဲခြောက်၊ ငါးစည်ဗူး၊ အိမ်မိုးသွပ်ပြား၊ မိုးသံ၊ စောင်၊ တာပေါ်လင်စနှင့် အဝတ်အထည်များ စသည့် ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုးတို့ကို မုန်တိုင်းဒဏ်သင့်ကျေးရွာ အုပ်စုများသို့ စနစ်တကျ ဖြန့်ဝေပေးထောက်ပံ့ပေးခဲ့သည်။

ဆက်လက်၍ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ဖြန့်ဝေပေးနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်အတွင်းရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄၅၀)ဆောင် လုံးဝပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မုန်တိုင်းဒဏ်သင့်ပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)