ကျောက်တော် ဇွန် ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော နေရာများအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ပူပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ချမ်းမြေ့နဒီပန်းခြံအတွင်းရှိ သစ်ကိုင်းများအား ရှင်းလင်းခြင်း၊ သစ်ရွက်သစ်ခက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား မီးရှို့ရှင်းလင်းခြင်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူလူထုများက အဆိုပါနေရာများရှိ အမှိုက်သရိုက်များအား ရှင်းလင်းဖယ်ရှားခြင်း၊ အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်များသိမ်းဆည်းခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သောနေရာသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း