တောင်ကုတ်မြို့နယ်၌ အကြိမ်(၃၀)မြောက် အစိုးရ နိကာယ်စာမေးပွဲကျင်းပ

တောင်ကုတ် ဇွန်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကနှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊ အကြိမ်(၃၀) မြောက် အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့်၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင် ကျမ်းစာများ အလိုက် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုလျက်ရှိရာတွင် ပါစိတ္တိယပါဠိဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ သံဃာ(၂၇)ပါးအနက် (၁၈)ပါးဖြေဆိုခဲ့ပြီး စာဖြေသံဃာတော် များအဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများက ဆွမ်းဘောဇဉ်များကို လှူဒါန်းလျက် ရှိသည်။

နိကာယ်စာမေးပွဲသည် မြတ်ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲရန်အတွက် ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒဆိုသည့် သာသနာတော်သုံးရပ်ကို မကွယ်မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် မြတ်ဗုဒ္ဓ၏ ပညတ်တော် ဩဝါဒစာပေများကို သံဃာတော်များမှ ဖြေဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်