ပုဏ္ဏားကျွန်းမြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူ

ပုဏ္ဏားကျွန်း ဇွန် ၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၁၉၉ ကျောင်း အမိုးလန် ပျက်စီးရှုံးဆုံးခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင် ဆောင်ရွက်ပြီးဖြစ်သဖြင့် ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၉၉)ကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၃၁၉၇)ဦး၊ လုံခြုံတဲ့အမိုးအကာအောက်တွင် ပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူး ဦးကျော်ဟန်က ပြောသည်။

ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ပုဏ္ဏားကျွန်း မြို့နယ်၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၉၀၇၀)ဦး ရှိသည့်အနက် မေလ(၃၁)ရက်နေ့အထိ ကျောင်းလာရောက်အပ်နှံသူ(၁၃၁၉၇)ဦးရှိပြီး ယနေ့တွင် ဆက်လက်အပ်နှံသူ အများအပြားရှိကြောင်း မြို့နယ်ပညာရေးမှူးက ဆက်ပြောသည်။

ထိုသို့ ပညာသင်ကြား/သင်ယူနေမှုတို့ကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များကို ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၉၉)ကျောင်း၊ ဘုန်းတော်ကြီး ပညာရေး(၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းရှိပြီး၊ နိုင်ငံတော်အစိုးရမှ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာ အုပ်၊ ခဲတံ၊ ပေတံများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ 

နီထွန်းအောင်(ပြန်/ဆက်)