မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊  ကျောင်းသား/သူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ

မာန်အောင် ဇွန်  ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့်  အခြေခံပညာကျောင်းများ အမိုးလန်ပျက်စီးခဲ့သော်လည်း  ယခုအခါ ရာနှုန်းပြည့် ပြန်လည်ပြင်ဆင် ပြီးစီးခဲ့ပြီးဖြစ်၍ မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းပေါင်း (၁၁၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁) ကျောင်း စတင်ဖွင့်လှစ်လျက်ရှိပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/သူ(၆၃၂၃)ဦး၊ ကိုယ်ပိုင်ကျောင်းတွင် (၅၉၇)ဦး၊ စုစုပေါင်း(၆၉၂၀)ဦး စတင်သင်ကြားလျက်ရှိရာ  အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို  အခမဲ့ ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်းနှင့် အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)