တောင်ကုတ်မြို့နယ်၌ နိကာယ်စာမေးပွဲကျင်းပလျက်ရှိ

တောင်ကုတ်   ဇွန်   ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၃ ခုနှစ်၊ နိကာယ်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်မှစ၍ ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံတွင်ကျမ်းစာများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။

ထိုသို့ဖြေဆိုလျက်ရှိရာတွင် ပါရာဇိကပါဠိဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ သံဃာ(၂၉)ပါးအနက် (၁၈)ပါးကလည်းကောင်း၊ ဧကကမှ စတုတ္ထနိပါတ ပါဠိဘာသာရပ်ကို ဖြေဆိုသံဃာ(၁)ပါးက လည်းကောင်း၊ ဓမ္မသင်္ဂဏီ ပါဠိဘာသာရပ်ကို ဖြေဆိုရန်စာရင်းရှိ သံဃာ(၄)ပါးကလည်းကောင်း အသီးသီးဖြေဆိုခဲ့ကြပြီး စာဖြေသံဃာတော်များအဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆွမ်းဘောဇဉ်များကို လှူဒါန်းခဲ့ကြသည်။

နိကာယ်စာမေးပွဲသည် မြတ်ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲရန်အတွက် ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒဆိုသည့် သာသနာတော်သုံးရပ်ကို မကွယ်မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် မြတ်ဗုဒ္ဓ၏ ပညတ်တော်ဩဝါဒစာပေများကို သံဃာတော်များမှ ဖြေဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်