မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့၌ တောင်သူဦးကြီးများအား ၂၀၂၃ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

စစ်တွေ မေ ၃၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြုလုပ်သည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ ခရိုင် ဘဏ်ခွဲမန်နေဂျာ ဦးမိုးဇော်ရွှေက ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တစ်နိုင်ငံလုံးအနေဖြင့် မေလ ၁၆ ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) တိုက်ခတ်ခဲ့မှုကြောင့် ချေးငွေများကိုယနေ့မှစတင်၍ ထုတ်ချေးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တောင်သူလယ်သမားဦးကြီးများကလည်း သီးနှံပေါ်ချိန်တွင်ချေးငွေများ အချိန်မီပြေကျေစွာပေးဆပ်ပြီးနောက် ချေးငွေသစ်ထပ်မံရယူခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်ဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများက တောင်သူဦးကြီးများအား ချေးငွေများ ထုတ်ချေးပေးကြသည်။ အဆိုပါချေးငွေထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့အနေဖြင့် အောင်ဒိုင်ကျေးရွာအုပ်စုမှ တောင်သူ ၁၂၁ ဦးအား လယ်ဧက ၆၃၁ ဧကအတွက် တစ်ဧက လျင်ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ချေးငွေကျပ် ၉၄၆၅၀၀၀၀ ကိုထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့အနေဖြင့် ၂၀၂၃ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု ၂၆ အုပ်စုမှ တောင်သူ ၁၈၈၄ ဦးအား ငွေကျပ် ၁၄၇၆၀ သိန်းကို ထုတ်ချေးရန် လျာထားကြောင်းသိရသည်။

တင်ထွန်း