ဂွ မေ ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ဂွမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအား သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်နှင့်ဝန်ထမ်းများက ပျိုးပင်များ ပေးအပ်ခဲ့ပြီးနောက် စုပေါင်း၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။ ဂွမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည် ချစ်မြတ်နိုးစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်စေရန်၊ ရာသီဥတု ပြောင်းလဲမှုကို လျော့ချစေရန် ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးရာတွင် သက်တမ်းရင့် အမြင့်နှစ်ပေနှင့်အထက် ပျဉ်းကတိုး(၅၀)ပင်၊ ကံကော်(၅၀)ပင်၊ ခရေ(၅၀)ပင်၊ မဟော်ဂနီ (၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၂၀၀)တို့အား စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ရွှေရည်ဝင်းကျော်