ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဝန်ကြီးများအဖွဲ့တို့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ရောက်ရှိ

တောင်ပြိုလက်ဝဲ မေ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်လည်လက်ခံရေးစခန်းသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဝန်ကြီးများအဖွဲ့တို့သည် ရဟတ်ယာဥ်ဖြင့် မွန်းလွဲပိုင်းက တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိခဲ့သည်။

 ထို့မှရဟတ်ယာဥ်ကွင်းမှတစ်ဆင့် မော်တော်ယာဥ်တန်းများဖြင့် နယ်စပ်ချစ်ကြည်ရေးတံတားအနီးရှိ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ ရေးစစ်ဆေးမည့်နေရာများအားကြည့်ရှုပြီး ပြန်လည်လက်ခံရေး ရှင်းလင်းဆောင်တွင် မြို့ပေါ်ဌာနဆိုင်ရာများ၊ ပြန်လည်လက်ခံရေးဆောင် ရွက်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ၊ ပြန်လည်လက်ခံရေးစခန်းတာဝန်ခံမှ ပြန်လည်လက်ခံရေးစခန်းတွင် ဆောင်ရွက်ထားရှိမှုများနှင့် ပြန်လည်ဝင်ရောက်လာသူများအား ယာယီနေရာချထားမည့်နေရာများ၊ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ထားရှိမှုများ၊ စခန်းအတွက်လိုအပ်ချက်များအားတင်ပြရာ  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှ လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးများအဖွဲ့တို့က ပြန်လည်လက် ခံရေးဆောင်ရွက်ကြမည့် သက်ဆိုင်ရာဌာန ဝန်ထမ်းများအတွက်  ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့ပြီး ပြန်လည်လက်ခံရေးစခန်းအား စစ်ဆေးကြည့်ရှုကာ တောင်ပြိုလက်ဝဲမြို့မှ ရဟတ်ယာဥ်ဖြင့် နေ့လယ် ၁း၃၀ အချိန်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)