မြောက်ဦး မေ ၂၆
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိ သူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများ ကောက်ယူထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်လူနေအိမ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မှတ်တမ်းပြုစုလျက်ရှိရာ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်တာဝန်ရှိသူများက စာရင်းကောက်ယူနေမှုအခြေအနေအား စစ်ဆေးကြည့်ရှုခဲ့ကြပြီး စာရင်းအမှန် ရရှိစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
မြင့်စိုး(ပြန်/ဆက်)