ဘူးသီးတောင် မေ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုခါမုန်တိုင်းကြောင့် လူနေအိမ်များ ပြိုကျခြင်း၊ လမ်းဆုံများနဲ့ သစ်ပင်၊ သစ်ကိုင်းများ ကျိုးပဲ့နေခြင်းနှင့် ဓာတ်အားလိုင်း ပြတ်တောက်များဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရးလုပ်ငန်းများကို မြို့နယ်တွင်းပူးပေါင်းအဖွဲ့များက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သပိတ်တောင်ကျေးရွာနှင့် ကင်းချောင်းကျေးရွာတို့ရှိ လူနေအိမ်များ တည့်မတ်ပြုပြင်ပေးခြင်း၊ ပြိုလဲ/ကျိုးကျနေသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းပေးခြင်း၊ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းတွင်း အပျက်အစီးများနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း၊ ဘုန်းတော်ကြီးခြံဝင်းနှင့် လမ်းတစ်လျှောက်တွင် ပြိုလဲနေသည့်သစ်ပင်ကြီးများ၊ လမ်းပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် အမှိုက်သရိုက်များအား ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။
အလားတူ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသော ဓာတ်အားလိုင်းများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ပိုင်းက ကျောက်စာတိုင်ကျေးရွာတွင် Tension ဆောင်ရွက်ခြင်း၊ Arm တပ်ဆင်ခြင်း၊ ကြိုးဆက်ခြင်း၊ ပြုတ်ကျနေသော wire များ Binding ဖြင့် ချည်နှောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)