မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုံးဆီများကို ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းသင့်ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

ပုဏ္ဏားကျွန်း မေ ၂၆

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ မုန်တိုင်းဒဏ် သင့်ဒေသခံပြည်သူများ၏ စားသောက်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့၊ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ရွာသာယာအစုတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းနဲ့ စားအုံးဆီ (၁) ပိသာလျှင် ငါးထောင်ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက တစ်ခဲ့နက်ဝယ်ယူခဲ့ကြပြီး၊ စားအုံးဆီပိသာ (၂၂၀) အား လာရောက်ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်