ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးစာသင်ကျောင်းများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး၊ ပျက်စီးမှုစာရင်း အား အတည်ပြုခြင်းနှင့် သွပ်ပြားများ ထောက်ပံ့ပေးအပ်

မာန်အောင် မေ ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော တပ်မတော်(ရေ)ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်၉နာရီခွဲက မိုခါမုန်တိုင်းကြောင့် အမိုးများ ပျက်စီးခဲ့သော ခအုန်းမော် ကျေးရွာအုပ်စု အ-လ-က ကျောင်း ပြုပြင်ဆဲ အခြေအနေနှင့် အ-ထ-က(ခွဲ)စျေးတန်း မျက်နှာကျက်များ ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်အဖွဲ့သည် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မုန်တိုင်းကြောင့် ပျက်စီးမှု စာရင်းများအား ပြန်လည်စီစစ် အတည်ပြုအစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် အခြေခံ ပညာကျောင်းများ ကျောင်းဖွင့်ရက်အမီ ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား ဆွေနွေးခဲ့သည်။

ထို့နောက် ဗိုလ်မှူးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သဘာဝဘေး ကြိုတင်ထုတ်ပေးငွေနှင့် အလှူရှင်များ လှူဒါန်းထားသော သွပ်ပြားများမှ ကံတိုင်းအုပ် အ-မ-က ကျောင်းအတွက် (၈)ပေ သွပ်(၂၅)ချပ်၊ အ-မ-က ဇိုင်ပင် အတွက်(၈)ပေ သွပ်(၁၀)ချပ်၊ အ-ထ-က(ခွဲ) အိုးဝ(၈)ပေ သွပ်(၃၈)ချပ်၊အ-မ-ကကျီချောင်းဝ အတွက်(၈)ပေ သွပ်(၁၅)ချပ်၊ စုစုပေါင်း(၈၈)ချပ်အား သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)