နေပြည်တော် မေ ၂၆
၂၀၂၃ ခုနှစ်၊ မေလ ( ၁၄ ) ရက်နေ့တွင် တိုက်ခတ်ခဲ့သော အလွန့်အလွန်အင်အား ပြင်းထန်သော မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်တို့တွင် ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပါသည်။ ၂၃၀ ကေဗွီ အမ်း-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းအပါဝင် ၆၆ ကေဗွီ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဓာတ်အား လိုင်းများနှင့် ၃၃ ကေဗွီ မြေပုံ၊ ပေါက်တော ဓာတ်အားလိုင်းများလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ဓာတ်အားပြတ်တောက်လျက်ရှိသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အချိန်မီပြင်ဆင်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အဖွဲ့ ၁၆ ဖွဲ့ ( လူအင်အား ၅၆၇ ဦး၊ ယာဉ်ယန္တရား ၆၂ စီး)၊လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အဖွဲ့၁၄ ဖွဲ့( လူအင်အား ၅၃၆ ဦး၊ ယာဉ်ယန္တရား ၄၉ စီး) တို့ဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် စစ်တွေမြို့အတွင်း ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြင်ဆင်ပြီးစီးမှု အခြေအနေအရ စစ်တွေမြို့ပေါ်ရှိ မေယု လမ်းမကြီးလမ်း တလျှောက် ကားကြီးဝန်းအနီးမှ မီးစက်ကြီးအဝိုင်းနှင့် မီးစက်ကြီးအဝိုင်းမှ နာရီစင်အထိ လည်းကောင်း၊ လမ်းမကြီးလမ်းတလျှောက် နာရီစင်မှ ဘီလူးမချောင်းတံတားနှင့် ဘီလူးမချောင်းတံတားမှ ဆတ်ရိုးကျတံတားလမ်းအထိလည်းကောင်း ၂၅-၅-၂၀၂၃ ရက်နေ့ညမှ စတင်၍( ၁၉:၀၀ )နာရီမှ ( ၂၂:၀၀ ) နာရီအထိ ၅၀၀ ကေဗွီအေဒီဇယ်ဓာတ်အားပေးစက်ဖြင့် လမ်းမီးများဖြန့်ဖြူးပေးသွားမည်ဖြစ်ပါကြောင်း၊ အများပြည်သူများ၏ တယ်လီဖုန်းနှင့် ဆက်စပ် ပစ္စည်းများ၊ အလင်းရောင်သုံးလျှပ်စစ်ပစ္စည်းများ အားသွင်းအသုံးပြုနိုင်ရန်အတွက် Charging Point နေရာများအား ကားကြီးဝန်း၊ မီးစက်ကြီးအဝိုင်း၊ ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှု ပြတိုက်၊ ဘီလူးမတံတားထိပ်နေရာ( ၅ )ခုတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
၎င်းနေ့ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းမကြီး တစ်လျောက် လမ်းမီးများထွန်းလင်းထားရှိမှုနှင့် charging points များတွင် အများပြည်သူများ ဓာတ်အားအဆင်ပြေစွာ သုံးစွဲနေမှုများအား လိုက်လံ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)