ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံ နေမှု အခြေအနေများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး

မောင်တော  မေ ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများကို ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် ပါဝင်သည့်  တာဝန်ရှိသူများသည် ယနေ့နေ့လည်ပိုင်းက ကျေးရွာများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား တာဝန်ရှိသူ များက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော အောင်သုခကျေးရွာရှိ ပြည်သူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၀န်များက ကျန်းမာရေး စောင့်ရှောက်​ပေးနေမှုကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးတွေ့ဆုံကာ  ပြည်သူများအနေဖြင့် ဝမ်းရောဂါများ မဖြစ်ပွားစေရန် အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေဘေးသင့် ပြည်သူများအတွက် ယင်လုံအိမ်သာ အမြန်ဆောက်လုပ်ရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့သည်။

ယင်းနောက် မုန်တိုင်းဘေးကြောင့် အမှတ် (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (အင်းဒင်) အတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား ယာယီရရှိရေးအတွက် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် မောင်တောမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွင်း အတန်းများအလိုက်  ကျောင်းအပ် လက်ခံနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)