"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူ​ဦး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ကျောက်တော် မေ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် (မိုခါ) ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူ​ဦးက "မိုခါ" မုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများ ပြည်သူလူထုလက်ဝယ်အရောက် ထိထိရောက်ရောက် ဖြန့်ဝေနိုင်ရေးကော်မတီများ ဖွဲ့စည်းထားရှိပြီး စနစ်တကျဆောင်ရွက်ကြရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကယ်ဆယ်ရေးပစ္စည်းများရရှိပါက ကော်မတီများဖြင့် စနစ်တကျ လက်ခံထိန်းသိမ်းပြီး ပြည်သူများလက်ဝယ်အရောက် ပံ့ပိုးကူညီမှုများဆောင်ရွက်ကြရေး အလေးထားဂရုပြု ဆောင်ရွက်ကြရန်၊ ပြည်သူများဝမ်းစာဖူလုံရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ အနာရောဂါ ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် အကြံပြုမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က "မိုခါ" မုန်တိုင်းအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဗိုလ်မှူးချုပ်အောင်သူ​ဦးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း