ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့

ပုဏ္ဏားကျွန်း  မေ ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက လှူဒါန်းပေးသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဆက်လက်ထောက်ပံ့ ပေးလျက်ရှိသည်။

 ထိုသို့ ထောက်ပံ့ပေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးထားသည့် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၏ အစီအမံဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် စားနပ်ရိက္ခာဆန်နှင့် စားဆီ၊ ခေါက်ဆွဲခြောက်၊ ငါးစည်ဗူး၊ အိမ်မိုးသွပ်ပြား၊ မိုးသံ၊ စောင်၊ ဖိနပ်၊ မျက်နှာသုတ်နှင့် အဝတ်အထည်စသည့် ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုးတို့ကို ကျေးရွာအုပ်စု (၄၈)အုပ်စုသို့ စနစ်တကျ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း(၁၇)မျိုးပါ လူသုံးကုန်ပစ္စည်းနှင့် စားနပ် ရိက္ခာများကို ကျေးရွာအုပ်စု(၁၉)စု ရှိ အိမ်ထောင်စု(၂၃၅)စုသို့ ဆက်လက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)