ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

ကျောက်ဖြူ မေ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ပညာရေးမှူး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်သည်။

အခမ်းအနားကို အ.ထ.က(၁)ကျောင်းမှ အထက်တန်း ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းအား သီဆိုဖွင့်လှစ်ပေးပြီး အခြေခံပညာ မူလတန်း၊ အစိုးရရပ်ကွက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပြည်ထောင်စုအင်အား” သီချင်းဖြင့် ကပြဖျော်ဖြေပေးသည်။

ထို့နောက် အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည် အလွန်အ‌ရေးပါသည့် ကဏ္ဍတစ်ခုတွင် ပါဝင်ပါကြောင်း၊ ပညာမြင့်မှ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့်ရရှိသည့် ကလေးငယ်များအားလုံး ပညာသင်ယူရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ပညာရေးစနစ်သစ်အတွက် သင်ထောက်ကူပစ္စည်းများကို အခမဲ့ ဖြန့်ဝေပေးထားပါကြောင်း၊ အုပ်ထိန်းသူမိဘများအနေဖြင့် မိမိတို့ အခက်အခဲ များကို ကျော်လွှားပြီး မိမိရင်သွေးငယ်များ ပညာတတ်မြောက်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သင်ကြားပြသပေးမည့် ဆရာ၊ဆရာများ အနေဖြင့် လည်း အတွေ့အကြုံ၊ ဗဟုသုတနှင့် သင်ခန်းစာများကို ကျွမ်းကျင်မှုရှိရန် လိုအပ်ပြီး စေတနာ၊ ဂရုနာ၊ ဝါသနာ နာသုံးနာအပြည့်ဖြင့် သင်ကြားပေးစေ လိုပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။  ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တာဝန်ရှိသူများမှ ကျောင်းသုံးစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လက်ခံရယူကြပြီး ကျောက်ဖြူမြို့နယ် ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း ၅ ကျောင်း၊ အလယ်တန်းလေ့ကျင့်ရေး ကျောင်းတစ် ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၃၇၂၂၃)ဦးရှိပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံကြမည့် မျှော်မှန်းကျောင်းသား၊ကျောင်းသူဦးရေ (၃၅၀၀၀) ကျော်ခန့်အထိရှိနိုင်မည်ဖြစ်ကြောင်းနှင့် အခြခံပညာကျောင်းများ ကို ဇွန်လ(၁)ရက်နေ့တွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)