ကျောက်ဖြူ မေ ၂၆
နိုင်ငံ့တစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(ကျောက်ဖြူ)မှ ကျောင်းအုပ် ဦးတင်ဝင်းက အမှာစကား ပြောကြားရာတွင် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန် အောင် ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမက စိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများဖြစ်အောင်လည်း ကြိုးစားကြရန်၊ “စိတ်ကောင်းရှိဖို့” ပထမ ဆိုသည့်အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် မိမိကိုယ့်ကိုယ် လေ့ကျင့်ပျိုးထောင်ကြရမည် ဖြစ်ပါကြောင်း၊ လူတော်လူကောင်းများ ပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း” စသည်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” ခေါင်းစဉ်ဖြင့် ဆက်လက်ဟောပြောခဲ့ရာတွင် “ လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်၍ မျိုးဆက်သစ်တို့ တိုးတက်ကြဖို့ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများ၊ သက်မွေးဝမ်းကြောင်းများကို များများလေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီ အားလပ်ရက်ရှည် ကာလများတွင်လည်း ပြင်ပဗဟုသုတရရှိစေရန် သုတစာပေနှင့် ရသစာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း၊ စက်ပြင်သင်တန်းစသော မိမိအတွက် အကျိုးဖြစ်ထွန်းစေမည့် သင်တန်းတစ်ခုခုကို တက်ရောက်ကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ ယခုလို အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုသည့် သင်တန်းများကို တက်ရောက်ပြီးပါက လက်တွေ့နယ်ပယ်တွင် ထို့ပြင် မိမိတို့၏ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကိုလည်း တစ်ဖက်တစ်လမ်းမှ မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသကဲ့သို့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပေးသွားနိုင်ဖို့လည်း အရေးကြီးပါကြောင်း၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာဖြစ်သလို ယဉ်ကျေးမှုစံနှုန်း မြင့်မားလာလေလေ လူ့တန်ဖိုး ပိုတက်လာလေလေ ဖြစ်ပါကြောင်း၊ လူ့တန်ဖိုးတက်လာခြင်းက လူ့ဘောင်အဖွဲ့အစည်းကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များသည် Facebook အသုံးပြုရာတွင် အွန်လိုင်းမှာ ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းယောင်များကို အမှန်ထင်မှတ်ပြီး အတွေးမှား၊ အမြင်မှားတွေ ဝင်လာကြမှာကို စိုးရိမ်မိပါကြောင်း၊ စာဖတ်အားကောင်းပြီး အသိပညာဗဟုသုတနှင့် ပြည့်စုံနေမည်ဆိုပါက သတင်းအမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး သတင်းတုမှန်း ချက်ချင်းသိနိုင်မှာဖြစ်ပါကြောင်း၊ ထိုသို့ အရည်အသွေးကောင်းများ လူငယ်တွေဆီမှာ ကိုယ်စီရှိနေကြမည်ဆိုပါက အနာဂတ်နိုင်ငံတော်ကို စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာသာ ရှိပါကြောင်း၊ အနာဂတ်ကို စိန်စီနိုင်တဲ့ လူငယ်များ ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာ ရပ်တည်နိုင်အောင် ကြိုးစားသွားနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း” စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်များ၊ မိုးတွင်းကာလ ရာသီ တုတ်ကွေး ကျန်းမာရေး အသိပညာပေး နံရံကပ်စာစောင်များ၊ နိုင်ငံ့ခေါင်းဆောင်တို့၏ အတ္ထုပ္ပတ္တိများ၊ မှတ်တမ်းဓာတ်ပုံများ နံရံကပ်စာစောင်တို့ကို ခင်းကျင်း ပြသခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ကိုလည်း ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ လူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ဆောင်ရွက်ရခြင်းမှာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများကို ဖတ်ရှုကာ ပျော်မွေ့လာကြစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
မင်းသိန်းထွန်း(ပြန်/ဆက်)