မြဝတီ မေ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီရေးဆွဲနည်း အတတ်ပညာကို အခြေခံမှစပြီး စနစ်တကျရေးဆွဲတတ်စေပြီး ပန်းချီပညာရှင်များ ပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်သည့် အဆင့်မြင့်ပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီကကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြဝတီမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးက သင်တန်းတွင် သင်ကြား ပို့ချခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းတွင် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသည့်သင်တန်းသား၊ သင်တန်းသူများအား မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီ၊ မြဝတီမြို့နယ် ပန်းချီပန်းပုအစည်းအရုံး ဥက္ကဋ္ဌဦးကြည်စိုး၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ်ပန်းချီ ပန်းပုအစည်းအရုံး ဒုတိယဥက္ကဋ္ဌတက္ကသိုလ်မင်းလွင်၊ ရုံးတာဝန်ခံဦးသီဟန်တို့က အသီးသီးဆုများချီးမြှင့်ပေးသည်။
ဆက်လက်၍ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မာမာရီက မြဝတီမြို့နယ် ပန်းချီပန်းပု အစည်းအရုံးမှ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။
အဆိုပါသင်တန်းကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြဝတီမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ကာ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၃၀ ဦးတို့အား မေ ၈ ရက်နေ့မှ ၂၅ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်