ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် ကျောင်းများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

ကျောက်ဖြူ  မေ ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ရှိ စာသင်ဆောင်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင် လျက်ရှိသည်။ ယင်းအပြင်  နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှလည်း ကျောက်ဖြူဘိုးဘွားရိပ်သာ ခြံဝန်းတွင် မိုခါမုန်တိုင်းကြောင့် လဲကျနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခြင်း၊ အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ရရှိ လာသည့် အမှိုက်များအား သတ်မှတ်နေရာများတွင် ထားရှိခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့် ဓာတ်တိုင်များအား မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက အချိန်မီ ပြုပြင်ဆောင်ရွက်ပေးခြင်း၊ လမ်းများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် လဲကျနေသည့် သစ်ပင်သစ်ကိုင်း များအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အဆိုပါ မုန်တိုင်းဝင်ရောက်ချိန်မှ စ၍ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဖယ်ရှားခြင်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)