ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း မေ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်းဦးဆောင်သော အဖွဲ့ဝင် (၁၀) ဦးပါဝင်သည့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့် ဒေသများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေး/ကုဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်သည့်အဖွဲ့က မွေးမြူရေးတိရစ္ဆာန်များ၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေပေါက်ချောင်းကျေးရွာ၌ မွေးမြူသူ (၃၉) ဦး၏ မွေးမြူထားသော ကျွဲ၊ နွား (၁၅၆) ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ နာမကျန်ဖြစ်ပွားလျက်ရှိသော နွား (၁၂) ကောင်ကို ဆေးကုသပေးခြင်း၊ အင်ဇုံပြင်ကျေးရွာမှ မွေးမြူသူ ၄၈ ဦး၏ ကျွဲ၊ နွား (၁၉၀) ကောင်အား ကာကွယ်ဆေးထိုးနှံပေးကာ နာမကျန်းဖြစ်နေသည့် နွားတစ်ကောင်အား ဆေးကုသပေးခဲ့သည်။

ဆက်လက်၍ကျန်ရှိနေသည့် မုန်တိုင်းသင့်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးကုသမှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်