ကျောက်ဖြူ မေ ၂၅
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက် ဖြူမြို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရှိ ဂိုဒေါင်များနှင့် ဘိုးဘွားရိပ်သာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ လူနာများနှင့် အဘိုး၊ အဖွားများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသည့် ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်နှင့် စေတီတောင် ရပ်ကွက်တို့မှ ဒေသခံပြည်သူများအား ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ ၁၆၀၀ ဆန့် ရေသယ်ယာဉ်နှစ်စီး၊ တပ်မတော်မှ ရေဂါလံ ၂၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ရေဂါလံ ၁၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သောက်သုံး ရေများ ဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေး လမ်းညွှန်မှာကြား သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲလွင်မောင် က မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများနှင့် ပြန်လည်ပြင်ဆင်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်သည့် မီးစက်ခေါင်မိုး အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေး နေသည့် သူနာပြု ဆရာ၊ဆရာမများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဆေးကုသမှုခံယူနေကြသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အဟာရ ဖြည့် အစားအစာများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ ဂိုဒေါင်နေရာများသို့ သွားရောက်ကာ အိမ်ထောင်စု (၅၀၀) စာအတွက် ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ သွပ်များ၊ မိုးကာများ၊ တာပေါ်လင်စများ အစရှိသည့် ထောက်ပံ့ရေးပစ္စည်း များအား ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ဂိုဒေါင်တွင် ပစ္စည်း တင်စင်အမြင့်များ ဆောင်ရွက်ထားရှိရေး လမ်းညွှန်မှာကြားပြီး လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ ရောက်ရှိကာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း ခေါင်မိုးခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အဆောက်အဦများ ရေရှည် တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ဘိုးဘွားရိပ်သာ အဆောက်အဦများ ပျက်စီးမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ ရိပ်သာနေ ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ထံသို့ စားရေရိက္ခာနှင့် အလှူငွေများ လှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး အကျိုးတော်ဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံကာ မိုခါမုန်တိုင်းကြောင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ ပျက်စီးသွားသည့် အဆောက် အဦများကို စာရင်းကောက်ယူရေးနှင့် စာရင်းဇယားများ တိကျမှန်ကန်စွာ ရရှိရေးတို့ကို ရှင်းလင်းပြောကြားရာ ဌာနဆိုင်ရာများမှ မိမိတို့ဌာန အသီးသီး၏ ပျက်စီး မှု အခြေအနေများကို တင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)