ပုဏ္ဏားကျွန်း မေ ၂၅
အလွန့်အလွန် အားကောင်းသော မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ (၂၃၀)ကေဗွီ ပင်မ ဓာတ်အားခွဲရုံအား ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့် ကျွမ်းကျင်လုပ်သားများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းထိ ပြီးစီးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျာနီယာနှင့် ကျွမ်းကျင်လုပ်သား (၅၆၇)ဦးတို့က ပုဏ္ဏားကျွန်းပင်မ(၂၃၀)ကေဗွီ ဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်းလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်မှုလုပ်ငန်း၊ တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို မေလ (၁၅)ရက်နေ့မှ စတင်၍ နေ့မအားညမအား ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တာဝါတိုင်အမှတ် (၄၂၄)နှင့် (၄၂၅)တို့အား ဖယ်ရှားဆောင်ရွက်ခြင်း၊ ပျက်စီးခဲ့သော ဖော zင်ဒေးရှင်းများ ပြန်လည်ပြုပြင်ခြင်း၊ ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလှိုင်းတွင် တာဝါတိုင်ပေါင်း (၄၄၈)တိုင်ရှိသည့်အနက် ပြိုကျ ပျက်စီးခဲ့သော တာဝါတိုင်(၁၂)တိုင်၊ တာဝါထိပ်ပိုင်းပျက်စီးခဲ့သည့် တာဝါတိုင် (၂)တိုင်အား အစားထိုးဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းတွင် ကွန်ကရစ်တိုင်ပေါင်း (၈၁၂)တိုင်ရှိသည့်အနက် လဲကျပျက်စီးခဲ့သည့် ဓာတ်အားတိုင်(၁၀၆)တိုင်အား အစားထိုးပြုပြင် ခြင်း လုပ်ငန်းကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)