မြေပုံ မေ ၂၄
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြေပုံမြို့နယ်၊ အငူကျေးရွာရှိ လေဘေးသင့် ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီး၏ သာသနိက အဆောက်အဦ ခေါင်မိုးလန်ခြင်းများ ပြန်လည်ပြုပြင်ရန် အလှူငွေများလှူဒါန်းပြီး မြို့နယ်ပြည်သူဆေးရုံ၌ လေဘေးသင့်ဒေသမှ လူနာများအား သွားရောက်ကြည့်ရှုအားပေးသည်။
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုများနှင့်အညီ လေဘေးသင့်ဒေသပြန်လည် ထူထောင် ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်၍ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူးဗိုလ်မှူးကြီးထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီဝင်တို့က မြေပုံမြို့နယ်၊ အငူကျေးရွာရှိ ဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီး ဓာတ်လှေကားလျှောက်လမ်း ခေါင်မိုးလန်ခြင်းနှင့် စေတီတော်မြတ်ကြီးအာရုံခံဓမ္မာရုံကြီး ခေါင်မိုးလန်ခြင်းတို့ ပြန်လည်ပြုပြင်ရန် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက စေတီတော်မြတ်ကြီးဂေါပက ဥက္ကဋ္ဌ ဦးတင်အေးအား အလှူငွေများ လှူဒါန်းသည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်တို့က မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းနှင့်တွေ့ဆုံကာ လေဘေးသင့်ဒေသများမှ ဆေးကုသရန် ရောက်ရှိနေသော လူနာများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လူနာများအား အာဟာရဒါနအဖြစ် ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
တင်ဝင်း