ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်းရှိ မေတ္တာဝတီဘိုးဘွားရိပ်သာ၊ သာသနိကအဆောက်အအုံများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

သံတွဲ   မေ    ၂၄                                   

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်က သံတွဲမြို့ မေတ္တာဝတီဘိုးဘွားရိပ်သာသို့ရောက်ရှိပြီး ဘိုးဘွားများအား လှူဘွယ်ပစ္စည်းများလှူဒါန်းကာ အဆောက်အဦများပျက်စီး ဆုံးရှုံးမှုရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲမြို့ရှိ ခြံပြင်ကျေးရွာရှိ စံကားတောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်ဦးများ ပျက်စီးဆုံးရှုံးမှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦ ပြန်လည်ပြုပြင်နိုင်ရန် အမိုးသွပ်ပြားများအား လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ "မိုခါ" မုန်တိုင်းအပြီး စာသင်ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေး၊ ဆေးရုံ၊ ဆေးခန်းများ ပြန်လည်ဖွင့်လှစ်ပြီး လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စွာသွားနိုင်ရေးတို့ကို ဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများရရှိပါက  ကော်မတီများဖြင့် စနစ်တကျလက်ခံထိန်းသိမ်းပြီး ကူညီပံ့ပိုးရမည့် ပြည်သူများလက်ဝယ်အရောက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ကြရေး အလေးထားဂရုပြုဆောင်ရွက်ကြရန်၊ မုန်တိုင်းပြီးဆုံးသွားသော်လဲ မိုးတွင်းအခါ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရေးကို ကြိုတင်စီမံချက်များရေးဆွဲဆောင်ကြရန်နှင့် ယခုကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အကြံပြုမှာကြားခဲ့သည်။

ထို့နောက်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က "မိုခါ" မုန်တိုင်းအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ခရိုင်ပြန်/ဆက်