ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပုဏ္ဏားကျွန်း  မေ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည်  ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်၍ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြို့မပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွက် နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့လှူဒါန်းငွေနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၉၈)ကျောင်းနှင့် သာသနာ့နွယ်ဝင် သီလရှင်ကျောင်း(၂)ကျောင်းသို့ နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့လှူဒါန်းငွေကျပ် သိန်း(၁၀၀)အား တစ်ကျောင်းလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့က လှူဒါန်းသည့်  ဆွမ်းဆန်တော်(၁) အိတ်၊ စားဆီသန့်(၁)ဖာနှင့် ခေါက်ဆွဲခြောက်များအား မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်၊  ရွှေတောင်တန်းကျောင်းတိုက်၊ ပညာပါရမီကျောင်းတိုက်၊ ခေမာရမကျောင်းနှင့် မြို့ဦး ကျောင်းတိုက်များသို့ သွားရောက်၍ ဖူးမြော်ကြည်ညိုကာ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)