မာန်အောင် မေ ၂၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မာန်အောင်ပြည်သူ့ဆေးရုံတွင် အခြေပြု၍ တောင်ကုတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာလှထွန်းဇော်ဦးစီးသော အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ဒေသခံပြည်သူများအား(အခမဲ့)ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်အဖွဲ့သည် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်လှူဒါန်းသော အမိုးသွပ်ပြားများအား သွားရောက်ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ရာ အ-ထ-က (ကမား) ကျောင်းအတွက် (၈)ပေ၊ (၃)ပေ၊ သွပ်ပြား(၅၀)ချပ်ကိုလည်းကောင်း၊ အ-လ-က(ခွဲ)(ကျူ) ကျောင်းအတွက် (၈)ပေ၊ (၃)ပေ၊ သွပ်ပြား(၅၀)ချပ် ကိုလည်းကောင်း၊ အ-လ-က (ကအီး) ကျောင်းအတွက် (၈)ပေ၊ (၃)ပေ၊ သွပ်ပြား(၃၀)ချပ်ကိုလည်းကောင်း ကျောင်း အကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းတာဝန်ရှိသူများအား အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်း စုစုပေါင်း(၄၃)ကျောင်းရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)