ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ  မေ  ၂

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအခြေအနေနှင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ၎င်းကျောင်းတိုက် ဆရာတော် မြို့နယ်သံဃာ့နာယက ဒုတိယဥက္ကဋ္ဌ ဦးအရိန္ဒမအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်များနှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းလျှောက်လမ်းခေါင်မိုး ပြန်လည်ပြုပြင်နေမှုနှင့် ဘုန်းတော်ကြီးကျောင်းခြံဝန်းနောက်ဘက်ရှိ Cyclone Shelter ဆောက်လုပ်နိုင်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်  ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် အထက(ခွဲ)အလက-၂(မြို့မ) ကျောင်းသို့ရောက်ရှိရာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ကျ ဆရာ/ဆရာမများအား   မုန်တိုင်းဒဏ်ကြောင့် ကျောင်းထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်  တာဝန်ရှိသူများသည်  အခြေခံပညာမူလတန်း အောက်ရွာကျောင်းသို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများနှင့် မိုးရာသီ စာသင်ကျောင်းအတွင်းသို့ ရေဝင်ရောက်နှိုင်မှုအခြေအနေများအားမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ဒုတိယဗိုလ်ချုပ်ကြီးလူအေးမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် အစိုးရရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအပ်နှံမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ဂုံးချွိန်ကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ကျောက်တစ်လုံးဘုရားအား ဖူးမြော်ကြည်ညိုပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တပညာဘာသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တု အစုစုကို ဆက်ကပ်လှူဒါန်းကာ ဘုန်းတော်ကြီးကျောင်း၏ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)