စစ်တွေမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၌ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

စစ်တွေ    မေ   ၂၄

ရခိုင်ပြည်နယ်အခြေခံ စားသောက်ကုန်ဈေးနှုန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ၌ သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း မှန်ကန် စွာ ရောင်းချမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကွင်းဆင်းဆင်းစစ်ဆေးပြီး ဆောက်လုပ်ရေးပစ္စည်း ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ပစ္စည်းများ၏ ဈေးနှုန်းများအား စစ်ဆေးမေးမြန်းခြင်း၊ ရောင်းချပြီးပစ္စည်းများ၏ စာရင်းဇယားများအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်သူများ အခက်အခဲတွေ့ နေရချိန်တွင် ရောင်းကုန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းမပြုကြရန် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ကုန်သည်များ၊ စီးပွားရေးလုပ် ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်နယ်အခြေခံစားသောက်ကုန်ဈေးနှုန်း ထိန်းသိမ်းရေးကော်မတီကိုတိုးချဲ့ ဖွဲ့စည်းကာကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် အခြေခံစားသောက် ကုန်ဈေး နှုန်းများ မှန်ကန်စွာ ရောင်းချပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

တင်ထွန်း(ပြန်/ဆက်)