ပုဏ္ဏားကျွန်းမြို့ စမြုံတော်ဓာတ်နှင့် ဂူဝဘုရား၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်းရှင်းလင်းရှင်းဆောင်ရွက်

ပုဏ္ဏားကျွန်း မေ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေကားလမ်းရှိ စမြုံတော်ဓာတ်နှင့်ဂူဝ ဘုရားအနီးပတ်ဝန်းကျင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်ကြီးများအား ခုတ်ထွင်းရှင်းလင်းခြင်းကို ယနေ့နံနက်(၇)နာရီက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် ဂူဝဘုရားရင်ပြင်အနီးတစ်ဝိုက်နှင့် စမြုံတော်ဓာတ်စေတီတက်လမ်းတစ်လျှောက်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျပြိုလဲသွားသည့် သစ်ပင်ကြီးများ၊ လမ်းပိတ်ဆို့နေ့သည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်းရှင်းလင်းဖယ်ရှားပေးခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စုပုံနေသည့်အမှိုက်ပုံများ ရှင်းလင်း ဆောင်ရွက်နေသည့်နေရာများသို့ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ လာရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)