ဂွ မေ ၂၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းတွင် မိုခါမုန်တိုင်းသင့်ကျေးရွာများဖြစ်သည့် ရွှေဦးကွင်းကျေးရွာနှင့် ဂျိုင်ကောက်ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာပိုင်စိုးဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာ ရေးလုပ်သားများ ပါဝင်သောအဖွဲ့က မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွား ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေဦးကွင်း ကျေးရွာနှင့် ဂျိုင်ကောက်ကျေးရွာများရှိ ကျွဲ၊နွား (၃၈)ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆိတ်(၄၂) ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပြီး ကျွဲ၊နွားများတွင် ဖြစ်ပေါ်တတ်သောရောဂါများ၊ တိရစ္ဆာန်များအား စနစ်တကျ မွေးမြူနည်း၊ အာဟာရညီညွတ်မျှတစွာ ပါဝင်သောအစားအစာများကို လုံလောက်စွာ ကျွေးမွေးရန်နှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နည်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် မုန်တိုင်းဒဏ်သင့် ကျေးရွာများသို့လည်း တိရစ္ဆာန် ကာကွယ်ကုသမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်