မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနေမှုအား ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက စစ်ဆေးကြည့်ရှု

ရသေ့တောင်  မေ ၂၄

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေများကို အရှေ့မြောက်ရပ်ကွက် ဒေသခံ ပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ရသေ့တောင်မြို့နယ်အတွင် ရေရှားပါးမှု ကြုံနေရပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာ ဆားငံရေ ဝင်သွားခြင်းကြောင့် သောက်သုံးရေ အခက် အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။

ယခုအခါ ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး ရေသန့်စင်ကား(၂)စီးဖြင့် မြို့ပေါ်ရပ်ကွက်(၄)ကွက်ရှိ ပြည်သူများ၊ ယာယီ နေရပ်စွန့်ခွာသူများ၊ လေဘေးဒါဏ်သင့် ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှ သောက်ရေများ စတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၁၂၀၀၀)ဂါလံကို အကျိုးပြုပြည်သူ (၁၀၇၀၀) ဦးတို့အတွက် ဖြန့်ဝေနိုင်ခဲ့ကြောင်း သတင်းရသည်။

ရသေ့တောင် (ပြန်/ဆက်)