မာန်အောင် မေ ၂၃
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးထွန်းနိုင်၊ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်နိုင်တို့ လိုက်ပါလျက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မူလွန် မောင်းမကန်၊အ-မ-က မြေနီပြင်နှင့် မူလွန်ဒိုးတန်းကျောင်းများသို့ သွားရောက်၍ ထိခိုက် ပျက်စီးနေမှုအား ကြည့်ရှုစစ်ဆေးကြပြီး ရပ်မိရပ်ဖများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများအား ကျောင်ဖွင့်အမီ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ညှိနှိုင်း ဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်း စုစုပေါင်း(၄၃)ကျောင်း ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)