ကျောက်ဖြူ မေ ၂၃
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော CITIC Group (Myanmar)Co,.ltd မှ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဒေသများသို့ ပြန်ထည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ လှူဒါန်းသည့် အခမ်းအနားသို့တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီးလူအေးက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့်ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းသည့် CITIC Group (Myanmar)Co,.ltd အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိသည်လည်း ကျောက်ဖြူဒေသတွင် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရောက်ရှိနေသူဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်ရှိဒေသအချို့တွင် ထိခိုက်ပျက်စီးမှုများစွာ တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စွမ်းစွမ်းတမံ အရှိန်အဟုန်မြှင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်ဖြူမြို့တွင် ထိခိုက်ပျက်စီးမှုများ နည်းပါးသည်ကို တွေ့ရှိရပါကြောင်းနှင့် CITIC Group (Myanmar)Co,.ltd မှ ထောက်ပံ့လှူဒါန်းပေးသည့်ပစ္စည်းများကို ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီထံသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် CITIC Group (Myanmar)Co,.ltd မှ Managing Director- Mr Liang Chuan Xin က ထောက်ပံ့ပစ္စည်းများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွား သည့်ဒေသများသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွပ်(သံဖြူ) ၉၀၀ ချပ်၊ တာပိုလင် ကိုက် (၁၀၀) စ (၅၃) လိပ်၊ ခေါင်ရိုက်သံ ပိဿာ (၉၀)၊ ဝါလျှာပြား ၁၂၀၀၀ ခု အစရှိသည့် ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ပြန်လည်ထူထောင်ရေး ထောက်ပံ့ ပစ္စည်းများအား လှူဒါန်းပေးအပ်ရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)