ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး

မာန်အောင် မေ ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ​တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးထွန်းနိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်နိုင်တို့ လိုက်ပါလျက် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မူလွန်မောင်းမကန်၊ အ-မ-က မြေနီပြင်နှင့် မူလွန်ဒိုးတန်းကျောင်းများသို့ သွားရောက်၍ ထိခိုက်ပျက်စီးနေမှုအား ကြည့်ရှုစစ်ဆေးကြပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများအား ကျောင်ဖွင့်အမီအမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့​သည်။မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်း စုစုပေါင်း(၄၃)ကျောင်း ရှိကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)