ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်

ပုဏ္ဏားကျွန်း  မေ ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ အလွန့်အလွန် အားကောင်းသော မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျိုးကျနေသည့် သစ်ပင်ကြီးများအား ယနေ့၊ နံနက်ပိုင်းက နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခြံဝင်းအတွင်း ကျိုးကျနေသော သစ်ပင်ကြီးများနှင့်် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများအား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခြင်း၊ အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့် ဓာတ်မီးတိုင်များအား မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက အချိန်နှင့် တပြေးညီ ပြုပြင်ဆောင်ရွက်ခြင်း၊ လမ်းများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များတွင် လဲကျနေသည့် သစ်ပင်သစ်ကိုင်းများအား မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများက အဆိုပါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်မှစ၍ အချိန်နှင့်တပြေးညီ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)