မာန်အောင်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ၍ ထိခိုက်ပျက်စီးသောစာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

မာန်အောင် မေ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့သည်များအားပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တောင်ကုတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များတက်ရောက်ကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စာသင်ကျောင်းများအား ကျောင်းဖွင့်အမီ အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက်မာန်အောင်မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အ-လ-က ခအုန်းမော်၊အ-မ-က ကင်းတဲ၊အ-မ-က အထက်ပြင်၊ အ-မ-က မီးလောင်ထောင့်၊ အ-မ-က ငတက်ပြင်၊မူလွန် ဇိုင်ပင် ကျောင်းများ သို့သွားရောက်၍ ထိခိုက် ပျက်စီးမှုများကို ကြည့်ရှု စစ်ဆေးပြီး ရပ်မိ၊ ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဖွင့်အမီ ကျောင်းများကို အမြန်ဆုံး ပြုပြင်နိုင်ရေးညှိနှိုင်း ဆွေးနွေးကြပြီး လိုအပ်သည် များကို ဖြည့်ဆည်းပေးခဲ့​သည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် အဖွဲ့သည် ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တစန္ဒအား သွားရောက်ဖူးမျှော်ပြီး ဆန်နှင့်ဆီလှူဒါန်းခဲ့​ကြသည်။

မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး စာသင်ကျောင်း စုစုပေါင်း (၄၃) ကျောင်းရှိ ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)