ပေါက်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါက်တော   မေ ၂၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန Command Post အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။

 အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ တင်ပြထားသော စာရင်းဇယားများ ကိန်းဂဏန်းများ ဖောင်းပွမှုမရှိစေရန် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ကြီးကြပ်စေရန်လိုအပ်ပါကြောင်း၊ ကျေးရွာများတွင် ရေကောင်းရေသန့်ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားမှုအခြေအနေကို တင်ပြပေးရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ်ပြီး စီးမှုရာနှုန်းအလိုက် အစီရင်ခံတင်ပြကြရန်၊  အထောက်အပံ့ပစ္စည်းများကို အမှန်တကယ် လိုအပ်သူများ မရရှိဘဲမဖြစ်ရအောင် ဌာနဆိုင်ရာများမှ စနစ်ကြီးကြပ်ကြစေလိုကြောင်း၊ မုန်တိုင်းကြောင့် ပျက်စီးသွားသော ဌာနအဆောက်အဦများအနေဖြင့် ရှင်းလင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တင်ပြကြရန်ပြောကြားသည်။ ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျန်အေးက တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)