ရသေ့တောင် မေ ၂၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပျက်စီးဆုံးရှုံးခဲ့သော မြို့ပေါ်ရပ်ကွက်များ ယာယီနေရပ်စွန့်ခွာမိသားစုများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ရသေ့တောင်မြို့သို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာ၀န်ပေးခဲ့သည့် ဗိုလ်မှူးချုပ် အောင်မျိုးထွန်းသည် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်း မြို့ပေါ်ရပ်ကွက်များရှိ သောက်သုံးရေ ဖြန့်ဝေပေးနေမှု အခြေအနေများ လေဘေးကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်မျိုးထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံးခဲ့သော ရသေ့တောင်မြို့ မြို့မ အ.ထ.က(၂) ကျောင်းခြံအတွင်း လေဘေးရှောင် ပြည်သူများအား တာပေါ်လင်၊ ဒန်အိုး၊ စောင်၊ တဘက်များ ထောက်ပံနေမှုများ၊ ယာယီဆေးပေးခန်းဖွင့်လှစ်ထားမှု အခြေနေများနှင့် လေဘေးကြောင့် ခေါင်မိုးလန်ပျက်စီးသွားသော ကျောင်းအဆောင်များအား လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို တာ၀န်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်မျိုးထွန်းသည် မြို့မအ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး၊ ကျောင်း အကျိုးတော်ဆောင်များနှင့် တွေ့ဆုံပြီး စာသင်ကျောင်းများမှာ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော်လည်း ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရမည့် ဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးခဲ့သော ကျောင်းများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ရန်လိုကြောင်း စသည့်တို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ပျက်စီးနေသည့် အခြေခံပညာကျောင်းများအား စာရင်းကောက်ယူခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး၊ ကျောင်းအုပ်ဆရာမကြီးက မေလ ၂၃ ရက်နေ့တွင် ကျောင်းသားများ လက်ခံပြီး ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း တင်ပြရာ တင်ပြဆွေးနွေးချက်များအပေါ် ဗိုလ်မှူး ချုပ်မှ လိုအပ်ချက်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၄ )ကျောင်းရှိရာ မုန်တိုင်းကြောင့် ( ၁၃၂ )ကျောင်းပျက်စီးခဲ့ကြောင်း စာရင်းကောက်ယူမှုများအရ သိရသည်။
ရသေ့တောင်(ပြန်/ဆက်)