မန္တလေး မေ ၂၂
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ဖြတ်သန်းတိုက်ခတ်မှုကြောင့်ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ကြမည့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဝင်များအား မေလ ၂၀ ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးနှုတ်ဆက်ခဲ့ကြ သည်။
ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးစကားများပြောကြား၌ ရခိုင်ပြည်နယ်သို့သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြသည့်အခါ တာဝန်ကျရာနေရာများ၌ ပေးအပ်သည့်တာဝန်များကို စေတနာအပြည့်ဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအထောက်အကူပြုစက်ကိရိယာပစ္စည်းများကိုဂရုတစိုက်ဖြင့် စနစ် တကျကိုင်တွယ်အသုံးပြု ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ငွေကျပ်(၅၀)သိန်းနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်၍ နှုတ်ဆက်အားပေးစကားများ ပြောကြားကာ ယူဆောင်သွားမည့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားရေရိက္ခာများကိုလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိပ်ထားနိုင်