ဘူးသီးတောင် မေ ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များ အမိုးလန်ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုနှင့် နန်းရာကုန်ကျေးရွာအုပ်စု စာသင်ကျောင်းများ၌ ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ပစ္စည်းများ ဆက်လက်ပေးအပ်ရာတွင် မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှဘူးသီးတောင်ဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ကော်မတီဝင်များကပေးအပ်ရာ လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက လေဘေသင်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်များအား အိမ်ထောင်စု(၄၀၀)စု၊ လူဦးရေ(၁၃၆၅)ဦးတို့အတွက် ဆန်(၉၉)အိတ်၊ ၁၂ ပြည်၊ ၆ ဗူးနှင့် ဆီ ၇၇.၉၆ပိသာ၊ ဆား၂၃.၈၉ပိသာ၊ ခေါက်ဆွဲခြောက် ၅၀ ထုတ်ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)