ရသေ့တောင် မေ ၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း၌ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့သည် တပ်မတော်မှရေသန့်ယာဉ်ဖြင့် ထုတ်လုပ်၍ ရသေ့တောင်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား သောက်ရေသန့်ဖြန့်ဝေပေးနေမှု အခြေအနေများ၊ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့မှုများအား ရှင်းလင်းဆောင်ရွက်နေမှုများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
၎င်းနောက် ရသေ့တောင်မြို့နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများကို နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းဆောင်ရွက်နေမှုများ၊ မုန်တိုင်းဒဏ်သင့် အိမ်ထောင်စုများအား ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့နေမှုများ၊ မြို့မအထက(၂)ကျောင်းဝန်းအတွင်း ပျက်စီးခဲ့မှုအခြေအနေများနှင့် ကျောင်းဖွင့်ချိန်အမီ ကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး တပ်မတော်ဆေးကုသရေးအဖွဲ့များမှ ယာယီဖွင့်လှစ်ထားသော ဆေးခန်းများတွင် ကုသဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)