ဘူးသီးတောင် မေ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ အလိုတော်ပြည် ဘုန်းတော်ကြီးကျောင်းနှင့် လေးမျက်နှာဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ ( WDAB၊ ရွှေဘူးသီး)အသင်းအဖွဲ့များ အင်အား( ၂၀၀)ဦးခန့် ပူးပေါင်းအဖွဲ့သည် မိုခါမုန်တိုင်းကြောင်း လဲကျနေသော သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက် အမှိုက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး အမှိုက်သိမ်းကားများဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းတို့က မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ (WDAB၊ ရွှေဘူးသီး)အသင်းအဖွဲ့များအား လွှ၊ ကြိုးနှင့် ဂေါ်ပြားများ ပေးအပ်ကာ ပေးအပ်ကာအားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းထိုင် ဆရာတော်ကြီးများနှင့် တွေ့ဆုံကာ ဆရာတော်ကြီးများ၏ လိုအပ်သည့်အခက်အခဲများ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)