မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံ

မာန်အောင် မေ  ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့်လူနေအိမ်နှင့်အဆောက်အဦများ ပျက်စီးဆုံးရှုံး ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ (ခေတ္တ)ဥက္ကဋ္ဌဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့လိုက်ပါလျက် ယနေ့ညနေ ၄ နာရီက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျီချောင်းဝကျေးရွာ (အမက)၊မီးလောင့်ထောင့်ကျေးရွာ(အမက)၊ ကျောက်တန်းကျေးရွာ (အ.ထ.က)စသည့်နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက မာန်အောင်မြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့်နေရာများကို ဦးစားပေခြင်းဖြစ်ကြောင်း၊ မာန်အောင်မြို့နယ်အနေဖြင့် ဆိုးဆိုးဝါးဝါးပျက်စီးဆုံးရှုံးမှု မရှိကြောင်း၊ ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများကို ဦးစားပေးပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးမှုစာရင်း ဇယားများ မှန်ကန်ရန်လိုကြောင်း၊ ပြည်သူများကလည်း တက်ညီလက်ညီအားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်က သဘာဝဘေးကျရောက်ပြီးစီးမှု အခြေအနေနှင့် စာရင်းကောက်ယူထားမှု အခြေအနေများကိုတင်ပြရာ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက စာရင်းဇယား မှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)