ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ကျောက်ဖြူ မေ ၂၀

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိလာပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တွေ့ဆုံကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ရှေးဦးစွာဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာကျက်ပျက်စီးသွားသည့် သဇင်ဆောင်အဆောက်အဦအား သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေးမှာကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က သဘာဝဘေးကြိုတင်စီမံဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကျရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက ကျောက်ဖြူမြို့နှင့် ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အ‌ရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ထားရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး ပြည်သူများ ထိခိုက်မှုမရှိ သည်ကိုတွေ့ရှိရပါကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်သည့်အခါတွင်လည်း ဒေသခံများ ပြည်သူများ၊ သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်းကူညီဆောင်ရွက်ရန်လိုပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည်  ကျောက်တစ်လုံး IDP အိမ်ရာစခန်းသို့သွားရောက်ပြီး စခန်းကြီးကြပ်ရေးကော်မတီအဖွဲ့တာဝန်ရှိသူနှင့်တွေ့ဆုံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့် အစီအမံများအား ပြောကြားကာ ကျောက်တစ်လုံး IDP အိမ်ရာစခန်းတစ်ပတ်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)