ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ ကျေးရွာများသို့ သွားရောက်ကြည့်ရှု

မောင်တော ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာ၀န်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ် တင်ဆွေ သည် ယနေ့ ညနေပိုင်းက မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နေဦးက မုန်တိုင်းဘေးကြောင့် မိမိတို့မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ပြည်သူများအား လတ်တလော စား၀တ်နေရေးအဆင်ပြေစေရေးအတွက် ယာယီတဲများ တည်ဆောက်နေမှု စသည့်တို့အား တင်ပြခဲ့သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများနှင့်အတူ ကျေးရွာများသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြရာ မုန်တိုင်းကြောင့် လေဘေးသင့်ပြီး ပျက်စီးဆုံးရှုံး‌ခဲ့သော မောင်တောမြို့နယ်အတွင်းရှိ ကျောက်ပန္ဒူကျေးရွာ၊ အင်းဒင်ကျေးရွာ၊ မြို့ယုကျေးရွာများရှိ စာသင်ကျောင်းများအား ကြည့်ရှုစစ်‌‌ဆေးပြီး စာသင်ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးနေမှုများအား ရှင်းလင်းကာ ပြန်လည်ပြုပြင်တည်ဆောက်ရေးကိစ္စများအား အမြန်ဆုံး စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီး၊ ကျေးရွာများအတွင်း အိမ်ထောင်စုအလိုက် စားရိက္ခာများ ဖြန့်ဝေနေမှု နှင့် ပြည်သူများ သောက်သုံးရေများ ခပ်ယူသုံးစွဲနေမှုများအား ကြည့်ရှုခဲ့သည်။ ယင်း‌နောက်ကျောက်ပန္ဒူကျေးရွာသို့ သွားရောက်ကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ပြည်သူများအား ဆေးကုသမှု အခြေအနေအား ကြည့်ရှုအား‌ပေးပြီးလိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)