မာန်အောင် မေ ၁၇
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများကို အရှိန်အဟုန်တိုးမြှင့်လုပ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများက စုပေါင်းပြီး မြို့ပေါ်ရပ်ကွက်၊လမ်းများပေါ်တွင် လှည့်လည်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုး ဦးဆောင်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ တပ်မတော် တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် စာတိုက်အနီးတွင် စုရပ်နေရာ သတ်မှတ်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ကားဖြင့် လှည့်လည်၍ စာတိုက်လမ်း၊ ဦးဥတ္တမလမ်း၊သင်္ဘောဆိပ်လမ်း၊ မြို့သစ်ရပ်ကွက်ရှိ စည်ပင်သာယာလမ်းတို့တွင် ပျံ့ကြဲနေသော သစ်ကိုင်း၊ သစ်ခက်၊သစ်ရွက်၊အမှိုက်များကို လှည့် လည်သိမ်းဆည်းခြင်း၊ မြို့မ စည်ပင်သာယာစျေးအတွင်း လဲကျနေသော သစ်ပင်၊ သစ်ကိုင်း၊သစ်ခက်များကို ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီး အမှိုက်များကို စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
မာန်အောင်မြို့နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက် လမ်းမပေါ်တွင် ကျိုးကျနေသော သစ်ပင်၊သစ်ခက်၊သစ်ရွက်များ ပြန့်ကျဲလျက်ရှိရာ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းပြီး မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးများကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)